အရဟံ = ကိလေသာ ရန်သူကို သတ်တော်မူတတ်သော မြတ်စွာဘုရား အရဟံ = ကိလေသာ ကင်းစင်တော်မူတတ်သော မြတ်စွာဘုရား အရဟံ = ပူဇော်အထူးကို ခံယူတော်မူတတ်သော မြတ်စွာဘုရား

" အမျှ ဘာကြောင့်ယူရတယ် "

ရွာဦးကျောင်းက ခေါင်းလောင်းသံ၊
ဒိုးဒိုးဒေါင်ဒေါင်ညံ။
ခေါင်းလောင်းသံ ငါတို့ကြား၊
အမျှယူစို့လား။


အမျှဘာကြောင့် ယူရတယ်
ကုသိုလ်ရဖို့ကွယ်။
ကုသိုလ်သည် ဘယ်မှာလဲ၊
ခေါင်းလောင်းထိုးနေဆဲ။

အလွန်တရာလေးနက်တဲ့ပဋ္ဌာန်း စတဲ့အဘိဓမ္မာကျမ်းတွေ၊ နိကာယ်အရပ်ရပ်တွေကို
ပို့ချသင်ကြားနေတဲ့ ရတနာ့ဂုဏ်ရည် ဓမ္မစာပေသင် တန်းရဲ့သုံးနှစ်ပတ်
လည်အဖြစ်ကျင်းပတဲ့ပွဲမျိုးမှာ သြဝါဒစကားမိန့်ကြားဖို့
လျှောက်ထားတယ်ဆိုပါမှ ဘာဖြစ်လို့ခုလို မူလတန်းကလေးတွေ အတွက်ပြဌာန်းထားတဲ့
မူလတန်းဖတ်စာထဲက ကဗျာတစ်ပုဒ်ကို လာရွတ်နေရတာလဲလို့
တွေးကောင်းတွေးမိလိုက်လေမလားပါ။ နောက်ပြီး ဒို့ကိုများ မူလတန်းအရွယ်
သူငယ်နှပ်စား ထင်ပြီး စော်ကားမော် ကားလုပ်လေသလားလို့
တွေးကောင်းလည်းတွေးလေမလားပါ။ ဟုတ်တယ်။ ဒီကဗျာလေးကို ဦးဇင်းတို့ငယ်ငယ်
တတိယတန်းလား။ စတုတုတ္ထတန်း လားတော့ တိတိကျ ကျမမှတ်မိတော့ဘူး။
မြန်မာဖတ်စာစာအုပ်ထဲ မှာ ဖတ်ခဲ့ရတယ်။
ဒီကဗျာလေးထဲကပဲ စာပိုဒ်တစ်ပိုဒ်ကိုယူပြီး ဟိုတနေ့ကပဲ “ခေါင်းလောင်းသံ
ငါတို့ကြား” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်ပုဒ် ရေးဖြစ်လိုက်သေးတယ်။
ဒီထဲကတချို့ကတော့ ဖတ်ပြီးကောင်းဖတ်ပြီးဖြစ်လိမ့်မယ်။
အဲဒီဆောင်းပါးထဲမှာတော့ အသက်အရွယ်လေးတော်တော်ရလာတော့ ဇရာဆို တဲ့လက်နဲ့
ထိုးနှက်ခဲ့တဲ့အတွက်ကြောင့် နာကျင်မှု (ဗျာဓိ) သံစဉ်ထွက်လာတဲ့အကြောင်းကို
ရေးဖြစ်ခဲ့တယ်။ အဲဒီဆောင်းပါးရေးနေရင်းပဲ ဒီကဗျာလေးနဲ့
ပတ်သတ်တဲ့တခြားတွေးတောစရာလေးတွေလည်း စိတ်ထဲပေါ်လာလို့
အနည်းအကျဉ်းချဲ့ပြီးတွေးဖြစ်ခဲ့တယ်။

အဲဒီလိုတွေးခဲ့တဲ့အတွေးက ဒီနေ့ ဒီမှာပြောလိုတဲ့အကြောင်းအရာနဲ့
ဆက်စပ်နေတယ်ထင်မိလို့ ဒီနေရာမှာနည်း နည်းပြောပြချင်ပါတယ်။

ကဗျာလေးထဲမှာ “ခေါင်းလောင်းသံ ငါတို့ကြား၊ အမျှယူစို့လား”လို့ပါတယ်။ ဒါ
မြန်မာရိုးရာဓလေ့နဲ့ ဆက်စပ်နေတယ်။ ဦးဇင်းတို့ငယ်စဉ်က ရွာဦးကျောင်းမှာ
တော်တော်ကြီးတဲ့ခေါင်းလောင်းကြီးတွေရှိတယ်။ မင်းဖြူမှန်မှန်ပြောလို့
ဆိုကြတဲ့ အလေးချိန် ငါးသောင်း ငါးထောင် ငါးရာ ငါးဆယ် ငါးပိဿာ
အလေးချိန်ရှိတယ်လို့ဆိုတဲ့ မင်းကွန်းခေါင်းလောင်းကြီးလောက်
မကြီးမားပေမယ့် ရွှေတိဂုံဘုရားကုန်းတော် ရာဟု ထောင့်ကဓမ္မာရုံထဲမှာ
ချိတ်ဆွဲထားတဲ့ ခေါင်းလောင်းကြီးလောက်တော့ ရှိမယ်ထင်တယ်။
ရွာကျောင်းမှာ အဲဒီခေါင်းလောင်းမျိုး သုံးလေးလုံး ရှိတယ်။

ညစဉ်ညတိုင်း ၇ နာရီလောက်အချိန်မှာ ဆရာတော်အပါအဝင်
ကျောင်းမှာရှိတဲ့ကျောင်းသားကိုရင်အားလုံး ဘုရားဝတ်ကြတယ်။
ဝတ်မ တက်မီမှာ အချက်ပေးတဲ့အနေနဲ့ အဲဒီခေါင်းလောင်းကြီးတွေကိုထိုးနှက်တယ်။
ခေါင်းလောင်းသံကို တစ်မိုင်ကျော်ကျော် နှစ်မိုင်လောက်က အထိ ကြားရတယ်။

အဲဒီလိုခေါင်းလောင်းကြီးတွေထိုးနှက်ရင် ရွာဦးကျောင်းက
ဝတ်တက်ကြတော့မယ်လို့သိတာနဲ့ ရွာထဲက ဘုရားတရားဝါသနာထုံတဲ့ လူကြီး
သူမများကလည်း ကိုယ့်အိမ်က ဘုရားစင်ရှေ့မှာ ဘုရားဝတ်တက်ကြတယ်။
အိမ်မှာရှိတဲ့သားသမီးတွေမြေးတွေကိုလည်း ဘုရားရှိခိုးဖို့
တိုက်တွန်းကြတယ်။ ဒီတော့ ခေါင်းလောင်းထိုးသံက ကုသိုလ်ပြုလုပ်ဖို့
အချက်ပေးခေါင်းလောင်းသံလို ဖြစ်နေတယ်။

ဆက်လက်ဖတ်ရှုရန်..

လူတိုင်း ကိုယ်စိတ်နှစ်ဖြာ အစဉ်ထာဝရအေးငြိမ်းချမ်းသာ ရှိကြပါစေ

မှတ်သားမိ သမျှ (၁)

ချီးမွမ်းတယ် ကဲ့ရဲ့တယ်ဆိုတာ သူတစ်ပါးအလုပ်၊
သူတစ်ပါးလက်ထဲမှာရှိတယ်။

ကိုယ့်အတွက် အရေးအကြီးဆုံးက ဘယ်သူဘာပြောပြော
သဘောထား မှန်မှန်နဲ့ ကိုယ်လုပ်သင့်တာကို လုပ်နေဖို့ပဲ။
အဲဒါ ကိုယ့်လက်ထဲမှာရှိတယ်။

ဆရာတော် ဦးဇောတိက

à à à à à à à à à à à à à à à à à à Ã


 

သူများလောက်မလုပ်နိုင်လို့လည်း
ဘာမှစိတ်ပျက်စရာ မလိုပါဘူး။
သူများထက်ပိုလုပ်နိုင်လို့လည်း
ဘာမှစိတ်တက်စရာ မလိုပါဘူး။

သူလည်းသူစွမ်းသလောက်လုပ်
ကိုယ်လည်းကိုယ်စွမ်းနိုင်သလောက်လုပ်ရုံပါပဲ။

အကျိုးခံစားရတဲ့နေရာမှာလည်း
သူများနဲ့နှိုင်းယှဉ်ပြီး
စိတ်ပျက်စရာ စိတ်တက်စရာ လုံးဝမလိုပါဘူး။
သူ့ကံနဲ့သူ ၊ကိုယ့်ကံနဲ့ကိုယ်ပါ။

လုပ်စရာရှိတာ အေးအေးဆေးဆေးလုပ်
ခံစားစရာရှိတာအေးအေးဆေးဆေးခံစားပေါ့။

(
ဆရာတော် အရှင်ဆန္ဒာဓိက)

à à à à à à à à à à à à à à à à à à Ã





ကိုယ့်ကိုယ်ကို
ပုဝါဖြူလား
လက်ခုလား အမြဲစစ်။
ပ၀ါဖြူဆိုရင်
အညစ်အကြး မပေစေနဲ့ ထိန်းသိမ်း။
လက်ခုဆိုရင်
နာနာဖွတ်လျှော်မှ ဖြူမယ်လို့ မှတ်။
        ဓမ္မဒူတဆရာတော် အရှင်ပညာဇောတ

à à à à à à à à à à à à à à à à à à Ã


ကိုယ့်ကိုတကယ်ထိထိရောက်ရောက်
နှိပ်စက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုယ် တကယ်ကူညီနိုင်တာလည်း
ဘယ်သူရှိမလဲ၊ ကိုယ်ပဲပေါ့။

               မဟာဂန္ဓာရုံဆရာတော်

à à à à à à à à à à à à à à à à à à Ã


သည်းခံတယ် ဆိုတာ
အရာရာကို အပြုံးမပျက်
ရင်ဆိုင်ရဲတဲ့ သတ္တိကို ခေါ်တယ်..

(ဆရာတော် အရှင်နန္ဒမာလာဘိဝံသ)

à à à à à à à à à à à à à à à à à à Ã

သူများ မကောင်းကြောင်းကို အချိန်ကုန်ခံပြီးတော့ ပြောမနေပါနဲ့။

သူများအပြစ်ကို အချိန်ကုန်ခံပြီး ပြောမနေပါနဲ့။

အဲဒီလို အချိန်ကုန်ခံပြီး ပြောနေရင်-
အဲဒီအချိန်တွေဟာ ကောင်းတဲ့နေရာမှာ မသုံးလိုက်ရတဲ့ အတွက်ကြောင့်

ကိုယ့်ဘ၀ဟာ တိုးတက်မှု ၊ရင့်ကျက်မှု ဖြစ်မလာနိုင်ဘူး။

If I devalue you. I devalue myself.
(
သူ့ကို ငါက တန်ဖိုးချလို့ရှိရင် ငါဟာ ငါ့ကိုယ်ငါလည်း တန်ဖိုးချလိုက်ရာ
ရောက်သွားတယ်။)

ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)

ဆက်လက်ဖတ်ရှုရန်..

လူတိုင်း ကိုယ်စိတ်နှစ်ဖြာ အစဉ်ထာဝရအေးငြိမ်းချမ်းသာ ရှိကြပါစေ

ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲ

"ဆရာတော်ဘုရား၊ ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား၊
ဘာသာခြားတစ်ဦးဦးက မေးလာလျှင် မည်သို့ ဖြေရမှာပါလဲဘုရား တိုတိုရှင်းရှင်းနဲ့ နားလည်အောင် ပြန်ပြောပြနိုင်အောင် ဖြေဆိုတော်မူပါဘုရား၊
ဆရာတော်ဘုရားကို ဆရာလုပ်တာ မဟုတ်ပါဘုရား၊
အချို့က ဗုဒ္ဓဘာသာဆိုတာ -
(၁) ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်၊
(၂) အတိတ်ဘဝ ရှိတယ်လို့ ယုံကြည်ရမယ်၊
(၃) ဘဝရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ရှိတယ်လို့ ယုံကြည်ရမယ် - လို့ အမိန့်ရှိပါတယ်။"

"အချို့က 'ဗုဒ္ဓဘာသာ' ဆိုတာ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဘုရားရဲ့ အယူဝါဒလို့ ဖြေဆိုကြပါတယ်ဘုရား။"

"အချို့ကလည်း သာသနာဆိုတာ အဆုံးအမ၊ ဘုရားရဲ့ အဆုံးအမ၊ သာသနာကို ဗုဒ္ဓဘာသာခေါ်ကြောင်း ပြောကြပါတယ်ဘုရား၊ တပည့်တော်က ဗုဒ္ဓဘာသာ သာသနာကို အသေးစိတ် သေသေချာချာ သိချင်နေပါတယ်ဘုရား။ ဆရာတော်ဘုရား ဖြေကြားပေးပါဘုရား"

"အံမလေး၊ အမေးသာပြောရတယ်၊ အဖြေတွေကလည်း စုံလို့ပါလား၊ ဘုန်းကြီးက ဘယ်လိုဖြေရမှန်းတောင် မသိတော့ပါဘူး"

"ဆရာတော်က တပည့်တော်နားလည်အောင် ဖြေပါဘုရား၊ အဲဒီအဖြေတွေကို စိတ်တိုင်းမကျလို့ ဆရာတော်ဘုရားကို ထပ်မံမေးလျှောက်ခြင်းပါဘုရား"

"အင်း ... ဘုန်းကြီးဖြေမှ ပိုရှုပ်ကုန်ရင် ခက်မယ်။"

"ဆရာတော်ဘုရား ဖြေရင် ရှင်းမယ်လို့ ထင်ပါတယ်၊ ဖြေပေးပါဘုရား။"

"အင်း ... ဖြေရမယ်ဆိုရင် ဘုန်းကြီးက ဗုဒ္ဓဘာသာလို့ ခေါ်တာကို လုံးဝမကြိုက်ပါ၊ ဗုဒ္ဓသာသနာလို့ ခေါ်မှ ကြိုက်ပါတယ်၊ (သို့) ဗုဒ္ဓဝါဒလို့ ခေါ်မှ ကြိုက်ပါတယ်"

"ဘာဖြစ်လို့ပါလဲ ဘုရား"

"ဘုန်းကြီးတို့ ပိဋကတ်တော်မှာ ဗုဒ္ဓဘာသာလို့ တွဲခေါ်တဲ့စကားလုံး တစ်လုံးမှ မရှိပါ၊ ဗုဒ္ဓသာသနာလို့ တွဲခေါ်တဲ့ စကားလုံးတွေတော့ အများကြီး ရှိတယ်။ 'ဗုဒ္ဓသာသန'ကို မြန်မာလိုပြန်ရင် 'ဗုဒ္ဓရဲ့ အဆုံးအမ' လို့ ပြန်တာကောင်းပါတယ်။ ဘုရားရဲ့ အဆုံးအမလို့ ပြန်ရင် အခြားဘုရားတွေနဲ့ ရောနှောသွားမှာ စိုးလို့ပါ၊ အဲဒီ ဗုဒ္ဓက ဘယ်လိုသာသန အဆုံးအမတွေ ပေးခဲ့လဲမေးရင် အချုပ်အားဖြင့် ပြောပြပါလား မေးရင် ဒီပါဠိဟာ အချုပ်ပါပဲ။

သဗ္ဗပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။ ... တဲ့"

"အဲဒီမှာ ဗုဒ္ဓါန သာသနံ-ဆိုတာ ဗုဒ္ဓသာသနာ-ဆိုတာပါပဲ၊ အဲဒီပါဠိကို မြန်မာမပြန်ဘဲ ရှစ်လုံးဘွဲ့နဲ့ ပြန်ကြည့်ရအောင်ပါ။"

အကုသိုလ်စု၊ မပြုရှောင်ခွာ၊
ကုသိုလ်အများ၊ ကြိုးစားစုံစွာ၊
မိမိစိတ်ရင်း၊ ပွတ်ဝင်းဖြူငှာ၊
ဤသုံးပါး၊ ဘုရားသာသနာ။ ... တဲ့"

"ဘုရားသာသနာဆိုတာ ဗုဒ္ဓသာသနာ၊ ဗုဒ္ဓအဆုံးအမကို ခေါ်တယ်၊ ဗုဒ္ဓတိုင်းရဲ့ အဆုံးအမကို ခေါ်ပါတယ်။ အဲဒီအဆုံးအမကို မြန်မာစကားပြေနဲ့ ပြောရရင် -
(၁) အကုသိုလ်မှန်သမျှ ဘာမှ မလုပ်နဲ့၊
(၂) ကုသိုလ်ကို စုံအောင်လုပ်၊
(၃) မိမိစိတ်ကို ဖြူစင်အောင်ထား။... တဲ့ "

"အဲဒီအဆုံးအမ သုံးမျိုးကို အကျယ်ချဲ့ရင် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ဖြစ်လာပါတယ်။ အဲဒီအဆုံးအမ တစ်နည်းပြောရရင် 'ဓမ္မဝိနယ'လို့ ပြောနိုင်ပါတယ်၊ ဓမ္မဝိနယနဲ့ သာသနသည် သဘောချင်းတူပါတယ်။ သာသနကို တရားကိုယ်အချုပ်ကောက်ရင်- မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ပရိယတ်ကို ကောက်ရသလို ဓမ္မဝိနယ-အရလည်း အဲဒီတရားတွေပဲ ကောက်ရပါတယ်။ အဲဒါကြောင့် ဘုန်းကြီးက ဗုဒ္ဓသာသနာ၊ ဗုဒ္ဓဝါဒလို့ ခေါ်တာပဲ ကြိုက်ပါတယ်။"

"မှန်ပါဘုရား၊ ဆက်ရှင်းပါဦး ဘုရား"

သူတို့ နားလည်သလို သူတို့ ဘာသာများနဲ့ တန်းတူထားပြီး သူတို့အခေါ်အတိုင်း ခေါ်ဝေါ်ရာမှ 'ဗုဒ္ဓဘာသာ' ဆိုတဲ့ အခေါ် ဖြစ်လာတာပါ၊ ရှင်းရှင်းပြောရရင် ဂျပ်ဆင်အဘိဓာန်မှ ဘာသာပြန်ဆိုချက်ကို နားယောင်ပြီး ခေါ်ရာမှ ဗုဒ္ဓဘာသာဆိုတဲ့ အသုံးအနှုန်း ပေါ်ပေါက်လာပါတယ်။"

"ဘာသာဆိုတာ တစ်ဆူတည်းသော ဘုရားကို ကိုးကွယ်တဲ့ ဘာသာကို ဘာသာလို့ ခေါ်ပါတယ်။ ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာက ဒီလို မဟုတ်ပါ၊ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူတဲ့ ဘုရားအများကို ယုံကြည်တဲ့ ဝါဒပါ။ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်တဲ့ Religion ဘာသာမဟုတ်ခြင်းကြောင့် ဗုဒ္ဓဝါဒကို ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာလို့သာ ခေါ်သင့်ပါတယ်။"

"အေး ... ဘာသာရေးဆိုတာ ထာဝရဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့နည်းလမ်းကို ခေါ်ပါတယ်။ ဗုဒ္ဓသာသနာ ဝါဒဟာ ထာဝရ ဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့ နည်းလမ်း ဟုတ်ရဲ့လား"

"မဟုတ်ပါဘုရား"

"အေး ... ဘာသာရေးဆိုတာ ရိုသေကိုင်းရှိုင်းမှု (သို့) ထာဝရ ဘုရားသခင်အား ဂုဏ်ပြုချီးကျုးမှုကို ခေါ်ပါတယ်၊ ဗုဒ္ဓဝါဒသည် အဲဒီလို မဟုတ်ပါ၊ ပြီးတော့ ဘာသာရေးဆိုတာ ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းပတ္ထနာတို့နဲ့ များစွာဆက်စပ်နေတဲ့ ယုံကြည်မှု တစ်ရပ်ကို ခေါ်ပါတယ်။ ဗုဒ္ဓဝါဒက ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းမှုကို လက်မခံလို့ ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါနော်"

"မှန်ပါဘုရား"

"အေး ... ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓကို ကိုးကွယ်တာက ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို ယုံကြည်ကိုးကွယ်တာပါ၊ ဘုရားရှင်ကို ကယ်တင်ရှင်အနေမျိုးနဲ့ ယုံကြည်တာ မဟုတ်ပါ၊ ကိုးကွယ်တာ မဟုတ်ပါ။ ပြီးတော့ ဗုဒ္ဓသာသနာတော်မှာ ဗုဒ္ဓက ဆရာစား၊ ဗုဒ္ဓက လက်ဆုပ်၊ လက်ကိုင် လျှို့ဝှက်ထားတဲ့ 'အာစရိယမုဋ္ဌိ' မရှိပါ၊ ဗုဒ္ဓကျင့်သလို ကျင့်က ဗုဒ္ဓဖြစ်နိုင်တဲ့ နည်းလမ်းတွေ ထားခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာက ဆုတောင်းသက်သက် ဝါဒမဟုတ်ပါ၊ ဆုတောင်းဘာသာ မဟုတ်ပါ။ ဆုတောင်းသက်သက်ဆိုရင် ဘာသာရေးလို့ ခေါ်ရပါတယ်။ ဒါဖြင့် ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာမှာ ဆုတောင်းမှု မရှိဘူးလား-ဆိုတော့ ရှိပါတယ်။ ဗုဒ္ဓဝါဒရဲ့ ဆုတောင်းမှုက ကိုယ်ပြုထားတဲ့ ကုသိုလ်ကံရဲ့ အကျိုးကို တောင်းယူတာပါ၊ ဘာမှမလုပ်ဘဲနဲ့ တောင်းတာမဟုတ်ပါ၊ ယခုအခါမှာ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာဟာ ဘာသာရေးဆန်နေပြီနော်၊ သတိထားပါ။"

"မှန်ပါဘုရား"

"ဗုဒ္ဓဝါဒဟာ ပစ္စုပ္ပန်ကံ ပစ္စုပ္ပန် အကြောင်းအကျိုးတရားတွေကို ဦးစားပေးတဲ့ ဝါဒပါ။ ဗုဒ္ဓဟာ ကိုယ်တိုင်ဓမ္မကို ရှာဖွေပြီး ကိုယ်တိုင် ဗုဒ္ဓဖြစ်မှ ဗုဒ္ဓအဖြစ် ရောက်ပုံ လမ်းစဉ် ကျင့်စဉ်တွေပဲ ဟောခဲ့ပါတယ်၊ ဆုတောင်းဖို့ မဟောခဲ့ပါ။ အဲဒီအဆုံးအမ လမ်းစဉ်တွေ မိမိတို့ ကိုယ်ကို မိမိတို့ အားကိုးပြီး အဆင့်ဆင့်သော ဝီရိယနဲ့ အားထုတ်ကျင့်ကြံဖို့သာ ဟောခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ မေ့လျော့ ပေါ့တန်နေလို့ မရပါ၊ သတိတရား လက်ကိုင်ထားပြီး ကြိုးစား အားထုတ်ယူမှ ကိုယ်လိုရာ ရနိုင်ပါတယ်။ ဗုဒ္ဓသာသနာက ကိုယ်အကျိုးကိုယ်စံ၊ ကိုယ့်အပြစ် ကိုယ်ခံပါ၊ ဗုဒ္ဓက အကျိုးကိုလည်း မပေးပါ၊ အပြစ်ကိုလည်း မပေးပါ၊ ဒါကြောင့် ဗုဒ္ဓကို မကြောက်ရပါ။ ပြီးတော့ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓကို နည်းပေးလမ်းညွှန်အဖြစ်နဲ့ အားထားယုံကြည်တဲ့ သဘောမျိုးပါ၊ မိမိကိုယ်ကို လုံးဝပုံအပ်ပြီး အားကိုးတဲ့ သဘောမျိုး မဟုတ်ဘူးနော်"

"မှန်ပါဘုရား"
http://www.blogger.com/img/blank.gif
"ဗုဒ္ဓသာသနာမှာ ဗုဒ္ဓအတွက် ဘာမှလုပ်ပေးစရာ မလိုပါ၊ ဘာသာရေးမှာ ဘာသာဘုရားအတွက် လုပ်ပေးရပါတယ်။ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓက လမ်းညွှန်တဲ့ ကိစ္စပါ၊ ဗုဒ္ဓသာသနာဝင်တွေက လိုက်နာကျင့်ကြံရသူတွေပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ ကိုယ့်အတွက် ကိုယ်ကျင့်တာသည်ပင်လျှင် ဗုဒ္ဓကို အမြတ်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော်တယ်လို့ ခေါ်ပါတယ်။"

"ဗုဒ္ဓဝါဒက အတ္တဟိတ = ကိုယ်ကျိုးကျင့်သက်သက်နဲ့ ပရဟိတ = သူတစ်ပါးအကျိုးသက်သက်ကျင့်တဲ့ဝါဒနှစ်ခုရဲ့ အလယ်က သွားတဲ့ အလယ်အလတ် လမ်းစဉ်ဝါဒပါ၊ သာသနာပါ၊ ဘာသာမဟုတ်ပါ။ ကဲ ဒီလောက်ဆိုရင် ရှင်းပြီးလား။"

"ရှင်းပါပြီ ဘုရား"

အားလုံးသန္တာန်၊ အမြင်မှန်၊ လျင်မြန်ရစေသော် ...

(ဓမ္မဒူတ အရှင်ပညာဇောတ)
[၁၉၉၄ ခုနှစ်၊ မတ်လထုတ်၊ မြတ်ဆုမွန် မဂ္ဂဇင်း၊စာ-၃၀)

ဤပိုစ်ကိုဒီဆိုက်မှကူးယူဖေါ်ပြပါသည်။

ဆက်လက်ဖတ်ရှုရန်..

လူတိုင်း ကိုယ်စိတ်နှစ်ဖြာ အစဉ်ထာဝရအေးငြိမ်းချမ်းသာ ရှိကြပါစေ

ဆင်ခြင်ဖွယ်ရာ စကားအလင်္ကာ









ဒီကနေ့ခေတ်ကြီးမှာ အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် မေတ္တာတရား ခြောက်ခန်းလာတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီလို မေတ္တာတရားတွေ လျော့ပါးလာသည့်အတွက်
ကြောင့် မေတ္တာဓာတ်တွေနည်းလာသည့်အတွက်ကြောင့် ကမ္ဘာကြီးပူနွေးလာရတာကလည်း ဖြစ်ကောင်းဖြစ်နိုင်ခြေ ပိုများတယ်. အိုဇုန်းလွှာကြီးပေါက်လို့ ဆိုတာတွေက ပြင်ပကိုကြည့်ပြီး ပြောတာ
ဖြစ်တယ်။ တကယ်တော့ သတ္တ၀ါတွေရဲ့ နှလုံးသားမှာ မေတ္တာအငြိမ်းဓာတ်တွေ ခန်းခြောက်လာလို့
သတ္တ၀ါတွေရဲ့  ခန္ဓာကထွက်တဲ့ ပူလောင်တဲ့စိတ်က ထုတ်လုပ် လိုက်တဲ့အရာတွေဟာ အပူတွေချည်းပဲံ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လူတွေရဲ့ စိတ်အစဉ်ငြိမ်းချမ်းစေဖို့ မေတ္တာနှလုံးကို အစဉ်သုံးကြရမှာ ဖြစ်တယ်။
( ကကစူပမသုတ် ) မှာ မြတ်စွာဘုရားရှင်က ဒီအဓိပ္ပာယ်ကိုပဲ ထင်ထင်ရှားရှားဟောထားတာ တွေ့ရတယ်။ လောကမှာ တစ်ဦးနဲ့ တစ်ဦး ပြောဆိုဆက်ဆံကြတဲ့ နေရာမှာ အများအားဖြင့် ၀စီကံနဲ့ ပြောဆိုဆက်ဆံ ကြရတာ များပါတယ်။
ဒါကြောင့် နှစ်ဦးကာလမှာ အားလုံးပဲ ၀စီကံနဲ့ပတ်သက်ပြီး ဘယ်လိုပြောဆိုဆက်ဆံကြရမှာလဲ ဆိုတာကို မြတ်စွာဘုရားက ညွှန်ပြတဲ့အတိုင်း မိမိကိုယ်တိုင်က ကျင့်သုံးဖို့အရေးကြီးတယ်။
တစ်ယောက်နဲ့ တစ်ယောက်ပြောဆိုဆက်ဆံ ကြရာမှာ တစ်ခါတစ်ရံ တစ်ဦးနဲ့တစ်ဦး မေတ္တာသက်ရောက်မှုရှိသလို တစ်ခါတစ်ရံမှာ မေတ္တာခမ်းခြောက်မှုလည်းရှိနိုင်တယ်။ ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာက တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံကြရာမှာ ဘယ်လိုအချက်တွေပေါ်မှာ အခြေခံထားရမလဲဆိုတာကို ဒီသုတ္တန်မှာ ရှင်းလင်းဟောကြားပေးထားတာဖြစ်တယ်။
အပြောအဆိုနဲ့ ပတ်သက်ပြီးတော့ ဒီကနေ့ ဘယ်လိုပြောရမယ်ဆိုတာကို သန္နိဌာန်ချထားရမယ်။
စကားပြောတဲ့နေရာမှာ ဘယ်အချိန်အခါမှာ ပြောရမလဲ? ဆိုတာရှိတယ်. ပြောသင့်တဲ့အချိန် မပြောသင့်တဲ့အချိန်ဆိုတာရှိတယ်။
ဆိုပါစို့ မိဘနဲ့သားသမီးတောင်မှ မပြောသင့်တဲ့အချိန်ပြောလိုက်ရင် ပြဿနာတတ်နိုင်တယ်။ မခံနိုင်ဖြစ်တက်တယ်။ ဥပမာ- လူကြားသူကြားထဲ မပြောသင့်တာပြောမိလို့ အနှောက်အယှက်ဖြစ်ကြရတယ်။ ဒါကြောင့် စကားပြောတဲ့အခါမှာ ပြောသင့်သလား ?၊ ပြောသင့်တဲ့အချိန်လား ? ဆိုတာစဉ်းစားဆင်ခြင်ကြရမယ်။ ဒါကြောင့် ဘုန်းကြီးတို့ အနေနဲ့ ဒီကနေ့ကစပြီးတော့ စကားပြောတော့မယ် ဆိုရင် ပြောသင့်တဲ့အချိန်မှသာပြောမယ်။ မပြောသင့်တဲ့အချိန်ဆိုရင် မပြောဘူး။ ဒီလို စိတ်ဆုံးဖြတ်နိုင်ရမယ်။
ဗုဒ္ဓမြတ်စွာရဲ့  စကားနဲ့ပြောမယ်ဆိုရင် “ကာလေန ၀က္ခာမိ နော အကာလေန”၊ ပြောသင့်တဲ့အချိန်ကာမှသာလျှင် ပြောမယ်။ “အကာလေန” အချိန်မတန်တဲ့အခါမှာ “နော ၀က္ခာမိ”
ငါမပြောဘူး တဲ့၊ ဒါလည်းလိုက်နာသင့်တဲ့ အချက်တစ်ခုပါပဲ။
နောက်တစ်ခုက ဘာပြောလဲဆိုရင် ဆိုရင် “ဘူတေန ၀က္ခာမိ နော အဘူတေန” လူတွေက ဟုတ်တာလည်းပြောတာပဲ။ မဟုတ်တာလည်း ပြောတာပဲ။ ဟုတ်တာ မဟုတ်တာ အကုန်လုံးကိုပြောနေကြတာပါပဲ။ ဒါကြောင့်မို့လို့ “ ဘူတေန ၀က္ခာမိ” ဟုတ်မှန်တာကိုသာလျှင် ပြောမယ်။ “နော အဘူတေန” မဟုတ်မမှန်တာကို ငါမပြောပါဘူးလို့ ဟောထားတယ်။ ဒါက ဒုတိယသန္နိဌာန် ချထားပြီးတော့ လိုက်နာကျင့်သုံးရမယ်။
နောက်တစ်ခုက လောကလူတွေက စကားပြောတာကို သိပ်ပြီးတော့ မရွှေးချယ်ဘူး။ “သဏှေန ၀က္ခာမိ၊ နော ဖရုသေန” ။ သဏှေန ၀က္ခာမိ- နှုးညံ့သိမ်မွေ့စွာ ပြောမယ်။ နော ဖရုသေန- ကြမ်းကြမ်း
တမ်းတမ်း မပြောပါဘူးတဲ့။


လောကလူတွေဟာ စိတ်ကြည်လင် နေတဲ့အခါမှာ ချိုသာတဲ့စကား၊ နှုးညံ့သိမ်မွေ့တဲ့ စကားကိုပြောတယ်။ စိတ်ဆိုးဒေါသဖြစ်တဲ့ အခါမှာတော့ ကြမ်းတမ်းရိုင်းပြတဲ့ စကားတွေကို ဆိုလာကြတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက ငါစကားပြောတဲ့ အခါမှာ နှုးညံ့သိမ်မွေ့စွာ ပြောမယ်။
ကြမ်းတမ်းပြီး ရိုင်းစိုင်း တဲ့စကားမပြော ပါဘူးလို့ စိတ်ဆုံးဖြတ်ချက်ချထားရမယ်တဲ့။ ဒါက တတိယတစ်ခုနော်။ နောက်တစ်ချက်က “အထ္ထသံဟိတေန ၀က္ခာမိ၊ နော အနထ္ထသံဟိတေန” တဲ့။
အထ္ထသံဟိတေန ၀က္ခာမိ၊- အကျိုးရှိတဲ့စကားကိုသာ ပြောမယ်တဲ့။ နော အနထ္ထသံဟိတေန- အကျိုးမဲ့တဲ့စကား ကိမပြောဆိုဘူးတဲ့။
လောကမှာ လူတွေက စကားပြောတဲ့အခါ အကျိုးရှိတာတွေကိုချည်း ပြောတာမဟုတ်ဘူး။ အကျိုးမရှိတဲ့ စကားတွေကိုလည်း ပြောကြတယ်။ အကျိုးအကြောင်း ဆီလျောက်မှုရှိတာကိုချည်း ပြောတာ မဟုတ်ဘူး။ အကျိုးအကြောင်း မဆီလျှော်တာကိုလည်း ပြောကြတယ်။ မဆီမဆိုင် ပြောတတ်ကြတယ်။ ဒါကြောင့် တစ်ချို့က မဆီမဆိုင်ပြောတတ်ကြတယ်။ ဒါကြောင့် တစ်ချို့ က မဆီမဆိုင်စကားတွေလာ မပြောနဲ့လို့ ပြောကြတယ်။ “ အထ္ထသံဟိတေန ၀က္ခာမိ” အကျိုးအကြောင်း
ဆီလျှော်တဲ့ အကျိုးရှိတဲ့ စကားကိုသာ ငါပြောမယ်။ “နော အနထ္ထသံဟိတေန” အကျိုးမရှိတဲ့ စကားကို ငါမပြောဘူးလို့ အဓိဌာန်ပါတဲ့။
နောက်တစ်ချက်က “မေတ္တစိတ္တော ၀က္ခမိ၊ နော ဒေါသန္တရေန” လူတွေက စကားပြော ပြီဆိုရင်
စိတ်ကြည်နေတဲ့ အချိန်မှာတော့ ကောင်းကောင်းမွန်မွန် ပြောတယ်။ စိတ်မကြည်ဘူးဆိုရင် ဒေါသထွက်နေပြီ ဆိုရင်တော့ ပြောတဲ့စကားဟာ ဒေါသသံပါလာတယ်။ ကောင်းကောင်းမွန်မွန် မပြောတော့ဘူး။
ဒါကြောင့်မို့ မြတ်စွာဘုရားက မိမိကိုယ်ကိုဆောက်တည်ထားပါတဲ့။ မေတ္တစိတ္တော ၀က္ခာမိ-
စကားပြောတဲ့အခါမှာ “မေတ္တာစိတ်နဲ့ပြောမယ် ” တဲ့။ နော ဒေါသန္တရေန - “ဒေါသစိတ်နဲ့ မပြောပါဘူး”
လို့ မိမိကိုယ်ကို ဆောက်တည်ထားရပါမယ်တဲ့။
ဟော….စကားပြောတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦးမေတ္တာဓာတ်တွေဖြစ်ဖို့ မိမိကိုယ်ကို လိုက်နာထားရမယ့် အချက်။ ကိုယ်ကိုယ်တိုင်က အရင်လိုက်နာထားရမယ်။ ထိန်းသိမ်းစောင့်ရှောက်ရမယ်။
ပြန်ပြီးတော့ ကြည့်လိုက်ရင် စကားပြောတဲ့အခါမှာ -
(၁) ပြောသင့်တဲ့အချိန်မှာ ပြောမယ်။ မပြောသင့်တဲ့အချိန်မှာ မပြောဘူး။
(၂) မှန်တာကိုပဲပြောမယ်။ မမှန်တာကိုမပြောဘူး။
(၃) ပြောမယ်ဆိုရင်လည်း ကြင်ကြင်နာနာ ယဉ်ယဉ်ကျေးကျေးနဲ့ သိမ်သိမ်မွေ့မွေ့ပြောမယ်။
ရိုင်းရိုင်းစိုင်းစိုင်းမပြောဘူး။
(၄) ပြောတဲ့အခါမှာ အကျိုးရှိတဲ့ စကားကိုသာပြောမယ်။ အကျိုးမရှိတာကို မပြောဘူး။
(၅) ပြောတဲ့အခါမှာ မေတ္တာနဲ့ပြောမယ်။ ဒေါသနဲ့မပြောဘူး။ မြတ်စွာဘုရားရဲ့ အဆုံးအမကိုကြည့်ပြီး
ရှေးလူကြီးတွေက ပြောတယ် စိတ်ဆိုးနေရင် စကားမပြောနဲ့တဲ့။ ဘာဖြစ်လို့လဲဆိုတော့ စကားကောင်း မထွက်တက်ဘူး။ မိမိကိုယ်တိုင်က စကားပြောတဲ့ စည်းကမ်းတွေ ချမှတ်ထားပြီးတော့
ဒီအတိုင်းသတိထားပြီး လိုက်နာကျင့်သုံးလိုက်မယ်ဆိုရင် မိမိနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြဿနာတတ်စရာ အကြောင်း မရှိတော့ဘူး။


ဒေါက်တာနန္ဒမာလာဘိဝံသ (မေတ္တာ နှလုံး ကိုယ်စီသုံး တရားတော်မှ )

ဆက်လက်ဖတ်ရှုရန်..

လူတိုင်း ကိုယ်စိတ်နှစ်ဖြာ အစဉ်ထာဝရအေးငြိမ်းချမ်းသာ ရှိကြပါစေ

အကောင်းဆုံးအရသာ



ဘာမေးလဲဆိုတော့ “ ကိံသု သာဓုတရံ ရသာနံ- အရသာတွေထဲမှာအကောင်းဆုံးအရသာကဘာလဲ။ ”

ကဲဒီမေးခွန်းလေးရဲ့အဖြေလေးကိုစဉ်းစားကြည့်လိုက်၊လောကလူတွေကိုဒီအမေးမေးလို့ရှိရင်ဝက်သားကြိုက်တဲ့လူက၀က်သားလို့မပြောပေဘူးလား၊

ဒါကြောင့်မို့ ဗမာစကားပုံမှာတောင် အဆိုရှိသေးတယ်၊ အသီးမှာသရက် အသားမှာဝက်တဲ့၊သရက်သီးကြိုက်တဲ့လူကသရက်သီးကောင်းတယ်လို့ပြောတယ်၊

သရက်သီးဟာအရသာရှိဆုံးလို့ဒီလိုထင်ကြတယ်၊လောကလူတွေဟာအရသာရှိတယ်ဆိုတာကိုယ်ကြိုက်တာကိုအရသာအရှိဆုံးလို့ထင်ကြတာပဲ၊ ပြောကြတာပဲ၊အမျိုးမျိုးဖြေကြတယ်၊အဲဒီကောင်းတယ်ဆိုတဲ့အရသာတွေအားလုံး အကန့်အသတ်နဲ့ချည်းပဲ၊ ကဲ..၀က်သားကြိုက်တဲ့လူတွေကိုနေ့တိုင်းဝက်သားချည်းချက်ကျွေးလို့ရှိရင်သူစားနိုင်မလား၊မစားနိုင်ဘူးလား၊

ကိုယ့်ဘာသာကိုယ်ပဲစဉ်စားကြည့် ၊ကောင်းတယ်ဆိုတဲ့အရသာကို ဒါချည်းပဲနေ့တိုင်းကျွေးမယ်၊ ဒီပုဂ္ဂိုလ်ကမစားနိုင်တော့ဘူး၊



ဒီတော့မြတ်စွာဘုရားရဲ့အဖြေကလောကမှာလူတွေမဖြေနိုင်တဲ့အဖြေမျိုး၊မသိနိုင်တဲ့အဖြေမျိုးကိုဖြေထားတယ်၊ မှန်လည်းလုံးဝမှန်တဲ့အဖြေမျိုး၊ မြတ်စွာဘုရားက“ သစ္စံ သာဓုတရံ ရသာနံ -လောကမှာအကောင်းဆုံးအရသာဟာ သစ္စာပဲ”မှန်တာကိုပြောတဲ့သစ္စာစကား။ဘာဖြစ်လို့ကောင်းတဲ့အရသာလို့ပြောတာတုံး၊လောကလူတွေဟာမှန်တဲ့စကား ကိုပြောနေလို့ရှိရင်နွယ်မြက်သစ်ပင်တောင်ဆေးဘက်ဝင်တယ်မဟုတ်လား၊၀စီသစ္စာနဲ့ပြောရင်အရာခပ်သိမ်းအောင်မြင်နိုင်တယ်။



ဝစီသစ္စာလိုကောင်းတဲ့အရသာကဘယ်တော့မှအီမသွားဘူး၊၀က်သားစားရင်အီသွားမယ်၊အချိုတွေလည်းစားရင်အီသွားမယ်၊အချဉ်တွေလည်းကြာရှည်မစားနိုင်ဘူး၊ဒီ့ပြင်အရသာတွေကလည်း၊အတိုင်းအတာအကန့်အသတ်နဲ့ချည်းပဲ၊မှန်တဲ့စကားဟာအကြိမ်တစ်ရာပြောလည်းအရသာမပျက်ဘူး။ရလာတဲ့အကျိုးကလည်းအင်မတန်ကြီးမားတယ်လူသားကိုမဆိုထားဘိ၊ဘုရားအလောင်း“ငုံး”ဖြစ်စဉ်ကတောမီးလောင်တဲ့အခါမှန်တာကိုပြောလိုက်တယ်။ “ သန္တိပက္ခာ အပတနာ- သူ့မှာအတောင်တော့ပေါက်ပြီးမပျံနိုင်သေးဘူး”တဲ့ ၊“သန္တိပါဒါအ၀ဉ္စနာ-သူ့မှာခြေထောက်တွေတော့ရှိတယ်၊ မသွားနိုင်ဘူး”တဲ့၊ “မာတာ ပိတာစ နိက္ခ န္တာ-အမေဖေတွေကလည်းထွက်ပြေးကုန်ကြပြီ”တဲ့။ဟော…သူပြောတဲ့စကား ၃-ခွန်းစလုံးမှန်တယ်၊

အဲဒီ “မှန်တဲ့စကားကြောင့် တောမီးကြီးသူ့ကိုရှောင်သွားပါစေလို့ သစ္စာဆိုတာ” ၊မီးကသူ့ဆီလုံးဝရောက်မလာနိုင်ဘူး၊ဒါမှန်တဲ့စကား၏အရသာရှိပုံပဲ၊မှန်တဲ့စကားကဘေးရန်အန္တရယ်များကိုကာကွယ်နိုင်တယ်။ သို့သော်လောကလူတွေဟာ မှန်တဲ့စကားကိုအရသာခံပြီးပြောနိုင်လား ဆိုတော့မပြောနိုင်ဘူး၊ မပြောနိုင်လို့မှန်တာကိုပြောရရင်လကာင်္မချောဘူးတဲ့၊ဒါကြောင့်မို့“မုသားမပါလကာင်္မချော”တဲ့မှန်တာပြောရရင်စကားကတယ်မချောလို့

၊တယ်ပြီးတော့အဆင်မပြေလို့နည်းနည်းကလေးတော့အလိမ်အကောက်ကလေးထည့်လိုက်ချင်တာ၊လကာင်္ချောအောင်လိမ်တာလေးတော့ထည့်ချင်သေးသပေါ့၊အဲလောက်ထိအောင်မှန်တဲ့စကားနဲ့ ဝေးကွာနေတယ်။မြတ်စွာဘုရားကလောကမှာအရသာတွေထဲမှာအကောင်းဆုံးအရသာဆိုတာဝစီသစ္စာကိုပြောတာပါတဲ့

အမှန်ပြောတာဟာ အရသာအရှိဆုံးပဲ၊ အမှန်ပြောရသည့်အတွက် အီမသွားဘူး၊လိမ်တတ်တဲ့ပုဂ္ဂိုလ်တွေကျတော့ အမှန်ပြောချင်မှာမဟုတ်ဘူးနော်၊ဒါဖြင့်တို့တတွေဟာဘ၀အရေးမှာအကောင်ဆုံးအရသာကိုစားဖို့လိုအပ်နေတယ်၊

ဘယ်လိုတုန်းဆိုမှန်ကန်တဲ့စကားကိုပြောပြီးသစ္စာဆိုမယ်ဆိုရင် ကိုယ်လိုချင်တာတွေလုပ်လို့ရပါတယ်၊ စမ်းကြည့်ပေါ့၊ မဟုတ်တာတော့မပါစေနဲ့၊လကာင်္ချောအောင်တော့မထည့်နဲ့နော်၊ဆိုပါစို့၊“ဘုရားရှိခိုးရမှာပျင်းတဲ့လူကသစ္စာဆိုလို့ရပါတယ်၊

ကျွန်ုပ်သည်နေ့စဉ်နှင့်အမျှဘုရားရှိခိုးရမှာအလွန်ပျင်းပါတယ်၊ဘယ်တော့မှလည်းမရှိခိုးပါဘူး

၊ဤမှန်သောစကားကိုဆိုရသောကြောင့်”ဆိုပြီးသစ္စာဆိုလို့ရတယ်၊

တစ်ခုခုလိုချင်တာကိုပြော၊စွမ်းအားသတ္တိပြည့်မြောက်လာတဲ့တစ်နေ့မှာအောင်မြင်လာမှာပဲ၊တစ်ခုခုမဟုတ်တာလုပ်တာကလည်းလုပ်တာကိုသစ္စာဆိုလို့ရတယ်၊

သစ္စာဆိုတာမှန်တာကိုပြောတာ၊

ဒါကြောင့်မို့သစ္စာဆိုတဲ့စကားတစ်ခုဟာအင်မတန်မှအရသာရှိတဲ့အရာတစ်ခုဖြစ်တယ်လို့မြတ်စွာဘုရားကဒီမှာဖြေတယ်။



အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် (ဒေါက်တာ-အရှင်နန္ဒမာလာဘိဝံသ)



မှတ်ချက်။ ။ ဤစာစဉ်ကို ဓမ္မဗျူဟာစာစောင်မှ ပါမောက္ခချုပ်ဆရာတော် (ဒေါက်တာ-အရှင်နန္ဒမာလာဘိဝံသ) ၏“ဘ၀အရေးစိတ်အေးရလေအောင် (အကောင်းဆုံးအရသာ) ”မှထုတ်နှတ်မျှဝေပူဇော်ပါသည်။

ဆက်လက်ဖတ်ရှုရန်..

လူတိုင်း ကိုယ်စိတ်နှစ်ဖြာ အစဉ်ထာဝရအေးငြိမ်းချမ်းသာ ရှိကြပါစေ

ဒေါသဖြေဖျောက်နည်း





ဒေါသသည် မိမိတစ်ဦးချင်းအတွက် လည်းကောင်း၊ မိမိ မိသားစုအတွက်လည်းကောင်း မိမိရပ်ရွှာအတွက်လည်းကောင်း၊ မိမိမြို့နယ်အတွက်လည်းကောင်း၊ မိမိတိုင်းပြည်အတွက်လည်းကောင်း၊ အလွန်တရာကြီးမားသော အန္တရာယ်ဖြစ်သည်။

ဒေါသကြောင့် မိမိအကျိုးဆုတ်ယုတ်ရသည်။ ဒေါသကြောင့် မိမိ၏ မိသားစုမဖြစ်တန်တာ ဖြစ်ရသည်။ ဒေါသကြောင့် ချစ်သူခင်သူ ဆုံးရှုံးသွားရတက်သည်။ ဒေါသကြောင့် မိမိရပ်ရွှာနှင့် မိမိမြို့နယ် ပျက်သုန်းသွားရသည်။ ဒေါသကြောင့် ကမ္ဘာကြီး ဟုန်းဟုန်းတောက်ရသည်။ ဒေါသသည် မည်မျှကြီးမားသော အန္တရာယ်ဖြစ်သနည်း။ ထို့ကြောင့် ဘာသာတရား အားလုံးက ဒေါသကိုပယ်ရန် ဆုံးမသြ၀ါဒပေးထားကြခြင်းဖြစ်သည်။

ဒေါသသည် လူတို့၏ သဘာဝအရဖြစ်ပေါ်လာသော စိတ်၏အခြေအနေ၊ စိတ်၏လှုပ်ရှားမှုဖြစ်သည်။ ဒေါသဖြစ်ပေါ်လာလျှင် လူတို့၏ စိတ်အခြေအနေသည် ပုံမှန် မဟုတ်တော့ဘဲ ပြောင်းလဲလာသည်။ သွေးခုန်နှုန်းမြန်လာသည်။ မျက်နှာတင်းမာလာသည်၊ မျက်နှာနီလာသည်။ မျက်လုံးနီလာသည်။ ဒေါသစိတ်ကြွတက်လာသည် ဖြစ်၍ ကိုယ်ခန္ဓာရှိ အခြားခံစားမှုများ အားပျော့သွားသည်။ အကောင်းအဆိုး စဉ်းစားဆင်ခြင်ဥာဏ် ပျက်စီးသွားသည် လူတစ်ဦးတစ်ယောက်ကို ချောက်တွန်းလိုလျှင်၊ ဒုစရိုက်အလုပ် တစ်ခုခုကို ပြုလုပ်စေလိုလျှင် ဒေါသကိုဆွပေးပါ။ အိပ်ပျော်နေသော ဒေါသကိုနိုးလာအောင်လုပ်ပေးပါ။ ထိုပုဂ္ဂိုလ်သည် အကောင်းအဆိုးစဉ်းစားဥာဏ်ပျောက်သွားလျှင် ချောက်ထဲထိုးဆင်းသွားမည့် အလုပ်ကိုလုပ်လိမ့်မည်။

ဒေါသကို နှိုးဆွသော အရာတစ်ခုမှာ အရက်သေစာဖြစ်သည်။ အရက်သေစာ အတိုင်းထက် အလွန်သောက်လျှင် ထိုပုဂ္ဂိုလ်၏ သန္တာန်၌ ဒေါသဘီလူး ဘွားခနဲပေါ်လာလိမ့်မည်။ အချို့ပုဂ္ဂိုလ်များမှာ မဆိုသလောက် သေရည်သေရက်သောက်ရုံမျှနှင့် ဒေါသ အရိပ်အယောင်ပေါ်လာသည်။ သွေးဆိုးလာသည်။ သေရည်သေရက် အရှုးအမှုးသောက်ပြီးနောက် ဒေါသဘီလူး၊ ဒေါသ သရဲအပူးခံရသောအခါ သူတစ်ပါးကို သာမက မိမိ မိသားစုကိုပါ ရန်လုပ်သည်ဒ အရက်မှုးပြီး ဒေါသမုန်တိုင်း တိုက်ခတ်လာသည့်အတွက် မိမိ၏ မိသားစု၌ပင် မဖြစ်တန်တာ ဖြစ်ရသည်။ ဒေါသဖြစ်ပေါ်လာသည့်အတွက် စဉ်းစားဥာဏ် ဆိတ်သုန်းသွားပြီး မဖြစ်တန်တာ ဖြစ်ရခြင်း ဖြစ်သည်။ ယင်းသို့အားဖြင့် ဒေါသသည် အိမ်ထောင်မိသားစု သာယာချမ်းမြေ့ မှုကို ဖျက်ဆီးပစ်သော အဓိက အကြောင်းတစ်ရပ်လည်းဖြစ်သည်။

ဒေါသကို မည်သို့တားမ်ြမည် နည်း။ သတိလက်လွတ်မဖြစ်လျှင် ဒေါသကိုတက်နိုင်သမျှ ထိန်းချုပ်၍ ရသည်။ ဒေါသအပူမီးကို ငြိမ်းအေးသွားစေသော အရာတစ်ခုမှာ ဆင်ခြင်စဉ်းစားဥာဏ်ဖြစ်သည်။ အခြေအနေအရပ်ရပ်ကို ဆင်ခြင် စဉ်းစားဥာဏ်ဖြင့် ဝေဖန်သုံးသပ်ကြည့်ဖို့ လိုအပ်သည်။ အကောင်းအဆိုး ဆင်ခြင် စဉ်းစားဥာဏ် လက်လွတ်သွားသည်နှင့် တစ်ပြိုင်နက် ဒေါသ ခေါင်းထောင်ထလိမ့်မည်။

ဒေါသသည် တစ်စုံတစ်ယောက်၏ ကိုယ်၊ နှုတ်၊ နှလုံး အားလုံးအတွက် ကြီးမားသော

အန္တရာယ် ဖြစ်သည်။ ဒေါသထွက်လာလျှင် ဒေါသနှင့် ယှဉ်သော စကားလုံးများ ထွက်လာလိမ့်မည်။ သူတစ်ပါးအား ထိခိုက်စေမည့် ဆဲဆိုကြိမ်းမောင်းခြင်းများကို ပြုလုပ်လာပေလိမ့်မည်။ စိတ်နှလုံးကို ပုံမှန် အနေအထားမှ ဖောက်လွဲဖောက်ပြန် ပြောင်းလဲလာအောင် ပြုလုပ်ပေလိမ့်မည်။ စိတ်နှလုံးကို ဖြူစင်နေရာမှ မည်းနက်အောင်လုပ်ပေလိမ့်မည်။ စိတ်နှလုံးကို ကြည်လင်နေရာမှ နောက်ကျူလာအောင်လုပ်လိမ့်မည်။ ကိုယ်ခန္ဓာလည်း ဒေါသကြောင့် ထိခိုက်လာနိုင်သည်။

ဒေါသအဖြစ်များသည် အခါခပ်သိမ်း တင်းမာမှုများ ရှိနေသည်။ စိတ်နှလုံးနှင့်ပတ်သက်သော ရောဂါဝေဒနာမျိုး နှင့် အခြားဝေဒနာများ ဖြစ်ပေါ်လာတက်သည်။

ဆယ်မိနစ် ဒေါသထွက်ခြင်းသည် တစ်နေ့လုံး ပင်ပန်းသည့် အလုပ်ကို လုပ်ခြင်းထက် လူ၏အင်အားကို ကုန်ခမ်းသွားစေနိုင်သည်ဟုပင် ပြောဆိုကြသည်။ နံနက်ချိန်က စပြီး ညအချိန်အထိ အလုပ်လုပ်ခြင်းသည် တစ်နာရီ ဒေါသထွက်ခြင်းလောက် မပင်ပန်းပေ။ ဒေါသထွက်နေချိန်၌ ပြောဆိုနေသော စကားများနှင့် ပြုလုပ်သော အပြုအမှုများသည် ဒေါသ ပြေပောက်သွားပြီး ဆင်ခြင်စဉ်းစားလိုက်သောအခါ မှားသော စကားများ၊ မှားသောအပြုအမှုများ ဖြစ်သည်ဟူ၍ တွေးမိပြီး နောက်တကြီးစွယ ရတက်ကြသည်။

တရားဘာဝနာ ပွားများ အားထုတ်သူများ၏ အဓိက ရည်ရွှယ်ချက်မှာ လောဘ၊ ဒေါသ၊ မောဟ တည်းဟူသော စိတ်ဖောက်ပြန်မှုများ၊ သို့မဟုတ် ကိလေသာ တရားများကို ပယ်သတ်ရန်ဖြစ်သည်။ တရားဘာဝနာ ပွားများ အားထုတ်၍ တရားအမြင်ရပြီး ယင်းစိတ်ဖောက်ပြန်မှုများ သို့မဟဟုတ် ကိလေသာတရားများ လျော့ပါးသွားကြသည်များလည်းရှိသည်။ သို့သော်လည်း တရားဘာဝနာ ပွားများအားထုတ်

ကြသော်လည်း အချို့  ပုဂ္ဂိုလ်များမှာ ယင်းစိတ်ဖောက်ပြန်မှုများ၊ သို့မဟုတ် ကိလေသာ တရားများ လျော့မသွားရုံ သာမက ပိုပြီး ခေါင်းထောင်ထလာသည်ကို တွေ့ရသည်။ ထိုပုဂ္ဂိုလ်များသည် သူများ ယောင်၍ ယောင်ကြသော်လည်း၊ သူများတရားထိုင်၍ ထိုင်ကြသော်လည်း တရားအမြင်မှန် မရရှိသူများဖြစ်သည်။

ဒေါသ ပြေပျောက်အောင် ပြုလုပ်ရန်အတွက် သူတော်စင် ပုဂ္ဂိုလ်အချို့ ညွှန်ကြားပြောပြထားသော နည်းလမ်းတစ်ခုရှိသည်။ ယင်းနည်းလမ်းမှာ လွယ်ကူမှုရှိပြီး၊ အထိုက်အလျှောက် ဒေါသပြေပျောက် သွားနိုင်စရာလည်းရှိသည်။ အကယ်၍ ဒေါသထွက်လာသည် ဆိုလျှင် ဒေါသနှင့် ယှဉ်သော စကားကို မပြောမီ၊ ဒေါသနှင့် ယှဉ်သောအလုပ်ကို မလုပ်မီ တစ်၊ နှစ်၊သုံး၊ လေး..စသည်ဖြင့် တစ်ဆယ်ထိအောင်ရေတွက်နေရမည်။ အကယ်၍ ပေါ်လာသော ဒေါသသည်အတိုင်းအတာ ကြီးမားနေသည် ဆိုလျှင် တစ်ရာအထိ ရေတွက်နေရမည်။ ယင်းအချိန်အတောအတွင်း သူ့ အလိုလို ဒေါသမီး ငြိမ်းအေးသွားလိမ့်မည်။

ဒေါသထွက်တက်သူအတွက် အကောင်းဆုံးနည်းလမ်းမှာ ဒေါသထွက်စဉ် ခဏ၌လက်ကလွတ်သွားသော သတိကို ပြန်ဆွဲခေါ်ယူခြင်း ဖြစ်သည်။ ပျောက်ကွယ်သွားသော အကောင်းအဆိုးစဉ်းစားဥာဏ် ပြန်ပေါ်အောင် လုပ်ခြင်းဖြစ်သည်။ အကောင်းဆုံးနည်းလမ်းတစ်ခုမှာ ခန္တီတရား လက်ကိုင်ထားခြင်းဖြစ်သည်။ ဒေါသကို ခန္တီဖြင့် တိုက်ဖျက်ပစ်ရမည်။ သူတစ်ပါးအပေါ် မလိုမုန်းထား ဒေါသပွားနေခြင်းကို သသည်းခံစိတ်ဖြင့် ငြိမ်းအေးသွားအောင် ပြုလုပ်ရမည်။ မည်းနက်ညစ်ညမ်းနေသော ဒေါသကို ခန္တီဆပ်ပြာဖြင့် ဆေးကြောပစ်ရမည်။ ခန္တီတရား လက်ကိုင်ထားနိုင်လျှင် ရန်သူကိုဖြစ်စေ အနိုင်ရရှိလာပေမည်။



ဆရာပါရဂူ

လယ်ယာစီးပွား

၈.၁၂.၂၀၀၀

ဆက်လက်ဖတ်ရှုရန်..

လူတိုင်း ကိုယ်စိတ်နှစ်ဖြာ အစဉ်ထာဝရအေးငြိမ်းချမ်းသာ ရှိကြပါစေ

သင်္ကြန်တရားတော် - ရွှေဥမင်ဆရာတော်ဘုရားကြီး

ကူးပြောင်းတာကို ‘သင်္ကြန်’ ခေါ်တာ။

‘သင်္ကန္တ’ ပေါ့။

သင်္ကန္တ သဒ္ဒါကို ဗမာက ‘သင်္ကြန်’လို့ သုံးလိုက်တာ။ အများ နားလည်တာ။

ကလေးတွေကတော့ သင်္ကြန်ဆိုတာ ရေပက်တာလို့ သူတို့ နားလည်တယ်။

သင်္ကြန်အစစ်ကတော့ ကူးပြောင်းတာ။

နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတာ။

ခန္ဓာသင်္ကြန်နှင့် အတွင်းသန့်ရှင်းရေး

လူကလည်း ရုပ်ဟောင်းတွေ ချုပ်ငြိမ်းပြီးတော့ ရုပ်သစ်ကို ကူးပြောင်းတာ တဲ့။

ရုပ်ဟောင်းကနေ ရုပ်သစ် ကူးပြောင်းတယ် ဆိုပေမယ့် ခု ဒီမှာကတော့ ကူးပြောင်းတယ်လို့ မဟုတ်ဘူးနော်။

အဟောင်းပျက်လို့ အသစ်ဆက်တာ။

သူ့အကြောင်းနဲ့သူ မကင်းတာဘဲ ရှိတယ်။

အဲဒီတော့ နှစ်သစ်ကူးရင် သန့်ရှင်းရမယ်နော်။

သန့်ရှင်းအောင် လုပ်ရမယ်။

သန့်သန့်ရှင်းရှင်းနဲ့ နှစ်သစ်ကူးရတယ်။

ခေါင်းလျှော်ရ, အဝတ်လျှော်ရတယ်။

ဒါပေမယ့် အဲဒီ ချေးတွေ ညှော်တွေ သန့်ရှင်းသွားတာနဲ့ ကျန်းမာရေးတော့ ရတာပေါ့လေ။

ထားပါတော့။ နည်းနည်းတော့ ရတာပေါ့။

ဒါက လိုရင်းမဟုတ်ဘူးနဲ့ တူတယ်။

ဒါက အပြင်သန့်ရှင်းရေး။

အတွင်းသန့်ရှင်းရေးက လိုသေးတယ်။

နှစ်သစ်ပြောင်းတယ်ဆိုပြီး လူသစ်ဖြစ်အောင် ခေါင်းလျှော်ကြ အဝတ်လျှော်ကြ လုပ်ကြတယ် မဟုတ်လား။

စိတ်ကိုကော ဖြူစင်အောင် လျှော်ကြ ဖွပ်ကြရဲ့လား။

စိတ်သန့်ရှင်းဖို့က လူသန့်ရှင်းဖို့ထက် အရေးကြီးတယ်နော်။

ကိလေသာအညစ်အကြေးတွေကို အမြဲလျှော်ဖွပ်နေမှ သန့်ရှင်း ဖြူစင်မယ်။

ကိလေသာဆိုတာ လောဘ, ဒေါသ, မောဟတွေပဲ။

လောဘနဲ့ စားတယ်။ လောဘနဲ့ သွားတယ်။ လောဘနဲ့ နေတယ်။

ဒေါသမှာလည်း ဒီလိုပဲ။ ဒေါသဖြစ်ရင် ပူပန်ဆင်းရဲတာပဲ။

ဒေါသမဖြစ်အောင် စောင့်ထိန်းဖို့ဟာ ဒေါသဖြစ်ရင် ဖြစ်မှန်း သိရမှာပဲ။

သွားတာ လာတာ စားတာ သောက်တာ နေတာ ထိုင်တာ အားလုံးမှာ အသိနဲ့ သတိ ကပ်ထားရမယ်။

အသိနဲ့ သတိ တစ်ထပ်တည်း ကျဖို့ လိုတယ်။

လိုရင်းချုပ်လိုက်တော့ သတိပဋ္ဌာန်ပဲ။

ခု သင်္ကြန်ကာလအတွင်း ဥပုသ်သီတင်း စောင့်သုံးကြတာ၊ ကိုယ်တွေ နှုတ်တွေ သန့်ရှင်းရေးလုပ်တာ၊ ကမ္မဋ္ဌာန်းဘာဝနာ ပွားများတာ စိတ်သန့်ရှင်းဖို့ အသိဉာဏ်သန့်ရှင်းဖို့ လုပ်ကြတာ။

အဲဒီ သန့်ရှင်းရေးတွေ လုပ်ထားတဲ့လူကတော့ အတွင်းရော အပြင်ရော သန့်ရှင်းပြီး ကောင်းသော နှစ်သစ်ကူးခြင်းပေါ့။

ဒီပြင် လောဘ ဒေါသ မောဟတွေ ထူပြောနေတာတော့ မကောင်းသော နှစ်သစ်ကူးခြင်း ဖြစ်မှာပေါ့။

ဘုန်းကြီးတို့ ပရိသတ်ကတော့ ကောင်းသော နှစ်သစ်ကူးခြင်းဖြစ်အောင် လုပ်ရမယ်။

ခန္ဓာသင်္ကြန်လည်း မကျသေးဘူး။ လုပ်ကြဦး။

ရှေးက ပြောကြသလို “ခါးတောင်းကျိုက် မဖြုတ်ကြနဲ့အုံး” ဆိုတာမျိုးပေါ့။

ကုသိုလ်တွေ လက်မမြှောက်နဲ့အုံး။

ဒီပုံစံအတိုင်းပဲ သင်္ကြန်ရက်မှာ လုပ်ကြသလို ဆက်လုပ်ကြဦး။

လုပ်ကြဦးဆိုတော့ ဒီပြင် မဟုတ်ပါဘူး။

ငါးပါးသီလနဲ့ ကိုယ်လုပ်နေကြ ကမ္မဋ္ဌာန်းဘာဝနာအလုပ်ကို လုပ်ကြဦးလို့ ဆိုလိုတာပါ။

အဲဒီတော့ ခန္ဓာသင်္ကြန် ဘယ်တော့မှ တက်မလဲဆိုတာ တွက်ဦးမှ။

ခန္ဓာသင်္ကြန်ကတော့ ခန္ဓာရှိနေသရွေ့ သင်္ကြန်ကျနေမှာပဲ။

သင်္ကြန်ဆိုတာ အသစ်အဟောင်း ပြောင်းလဲတာဆိုသဖြင့် ရုပ်နာမ်အသစ်တွေ အသစ်အသစ် ထပ်ဖြစ်နေတာ။

မီးခိုးမဆုံး မိုးမဆုံးပဲ။

ဒီက အကြောင်းမကင်းသေးဘူး။

အကျိုး ရုပ်နာမ်တွေ ထပ်ဖြစ်နေတာတဲ့။

မသိမှု အဝိဇ္ဇာနဲ့ တဏှာလောဘ အကြောင်းခံပြီးတော့ မသိလို့ လိုချင်၊

လိုချင်တော့ လုပ်၊

လုပ်တော့ ရ၊

ရတော့ ဒုက္ခ၊

ဒုက္ခသစ္စာ ရုပ်နာမ် ခန္ဓာရ။

အဲဒီတော့ သိရင် မလိုချင်၊

မလိုချင်တော့ မလုပ်တော့ဘူး။

မလုပ်ရင် မရတော့ဘူးပေါ့။

ဒုက္ခတွေ မလိုချင်လို့ ဒုက္ခမလုပ်တာပေါ့။

ဒုက္ခသာ မလုပ်တာ၊ တခြား လုပ်သင့်လုပ်ထိုက်တာတွေတော့ သူ လုပ်တာပေါ့။

အကြောင်းသိမ်းရင် အကျိုးငြိမ်း၊ လောင်စာသိမ်းရင် မီးငြိမ်း

အကြောင်းသမုဒယဆိုတဲ့ လောင်စာသိမ်းလိုက်ရင် ရုပ်နာမ် ခန္ဓာဆိုတဲ့ အကျိုးဒုက္ခ ငြိမ်းသွားမှာပဲ။

အဲဒီ ဘဝသစ် ရုပ်နာမ်ခန္ဓာ၊ ခန္ဓာဇာတ်သိမ်း ငြိမ်းရင် သင်္ကြန်တက်ပြီ၊ ခန္ဓာသင်္ကြန် တက်ပြီ။

အဲဒီအချိန်မှ အနားယူကြပေါ့။

နိဗ္ဗာန်ခရီး နီးအောင် လုပ်

အခုကတော့ “တို့ ဆက်ပြီး လုပ်ရဦးမှာပဲ”လို့ သဘောပေါက်။

နားနေလို့ မဖြစ်သေးဘူး။

‘ဤခရီး နီးသလား?’ဆိုတာနော်။

ဘယ်ခရီးလဲ?

‘မရဏခရီးပါ ဘုရား’

အင်း ... ပြောရမှာတောင် အားနာစရာနော်။ နိဗ္ဗာန်ခရီးပဲ လုပ်ပါတော့။ နိဗ္ဗာန်ခရီး နီးအောင် လုပ်။ ဟုတ်လား။

အဲဒါနဲ့(မရဏခရီးနဲ့) ပြောင်းပြန်ပဲ။

ဟိုက ‘မတ’ သေတာ။

ဒီက ‘အ,မတ’ မသေတာ။

မသေတဲ့ခရီး နီးမှ ဖြစ်မယ်နော်။

အခုပြောတဲ့ ပုံစံအတိုင်း သွားမယ်ဆိုရင် မသေတဲ့ခရီးဟာ နီးသွားမှာပါ။

တစ်လှမ်းထက် တစ်လှမ်း၊ တစ်အာရုံထက် တစ်အာရုံ၊ တစ်သိထက် တစ်သိ နီးသွားရမယ်။

အဲဒီလို တွက်ရမှာပါ။

တော်လောက်ပြီလို့ စိတ်မချနဲ့အုံး။

ခေါင်းဆောင်ကြီးတွေ ခဏခဏ သတိပေးနေတာ။

သူတို့ကိစ္စနဲ့တော့ သူတို့ပေါ့လေ။ ခါးတောင်းကျိုက် မဖြုတ်နဲ့အုံးဆိုတာ။

ဝိပဿနာတိုက်စစ်မှူးအတွက် ဘုရားရဲ့ တပ်လှန့်သံ

ဘုရားကလည်း “အပ္ပမာဒေန သမ္ပာဒေထ” ဆိုတဲ့ စကားနဲ့ တပ်လှန့်နေတာပဲ။

ဘုရားက တပ်လှန့်နေတာ။

ရန်သူက အချိန်မရွေး ဝင်နေတာ။ ရန်သူ။

ကိုယ်က ခံစစ်တင် မဟုတ်ဘူး။ တိုက်စစ်ပါ လုပ်ရမယ်။

သီလလောက် ခံစစ်နဲ့ မရသေးဘူး။

ဝိပဿနာတိုက်စစ်မှူးဖြစ်အောင် လုပ်ရမှာ။

ဘယ်မှ သွားတိုက်ရမှာ မဟုတ်ဘူး။

လောဘ ဒေါသ ရန်သူကို တိုက်ရမှာ။

ကိုယ့်ခန္ဓာ ကိုယ်တိုက်ရမှာ။

မိုးကုတ်ဆရာတော်ကြီး အမိန့်ရှိသလို “ငါသေရင် ဆွမ်းမသွတ်နဲ့”လို့ ကိုယ့်ကိုယ်ကို မှာနိုင်လောက်အောင်အထိ တိုက်စစ်ဆင်ရမှာ။

‘လိုသလောက် မရလည်း၊ လုပ်သလောက်တော့ ရတယ်’နော်။

မလျှော့ဘဲ လုပ်ရမှာပဲ။

သာဓု ... သာဓု ... သာဓုပါ ဘုရား။

+++++

ညီညီနိုင် ပူဇော်သော “ရွှေဥမင်ဆရာတော်ဘုရားကြီး၏ သြဝါဒတရားတော်များ” မှ

ဆက်လက်ဖတ်ရှုရန်..

လူတိုင်း ကိုယ်စိတ်နှစ်ဖြာ အစဉ်ထာဝရအေးငြိမ်းချမ်းသာ ရှိကြပါစေ

အမှန်တရားအတွက် ....

ခွပ် ………….ခွပ်………….ခွပ်…..ခွပ်ခွပ်……ခွပ်ခွပ်ခွပ်

မြင်းခွာသံများ တောင်ဘက်တောတန်းလေးကနေထွက်လာချေပြီ…….

မြောက် ဘက်ဒေသသို့ ခရီးသွားမဲ့လူငယ်လေးတစ်ဦးဖြစ်ဟန်တူပါသည်။

မြင်းပေါ်တွင် နက်ပြာရောင် ၀တ်စုံကိုဝတ်ဆင်လျက် ဟန်ပန်အပြည့်နဲ့ ခရီးဆက်နေစဉ်……..ရုတ်တရပ် ဆူညံသံများကိုကြားလိုက်မိသည်….အသံလာရာသုံးသပ်ကြည့်တော့

ရှေ့ မှာရှိတဲ့ လမ်းဘေးမှာတည်ထားတဲ့စားသောက်ဆိုင်လေးကဖြစ်မည် ထင်ပါသည်..။

မိမိလည်း မနက်ခတည်းက ခရီးဆက်လာသဖြင့် ပင်ပန်းလို့နေတော့

တထောက်နားဖို့ စဉ်းစားမိသည်။

ဆိုင်မှာနားရင်း မြင်းကိုလည်း အစာကျွေးဖို့အတွက် လိုအပ်သည်မို့ ဆိုင်အတွင်းသို့ ဦးတည်၍

လှမ်းလာမိလိုက်သည်..။

ဆိုင်တွင်းထဲမှ အိုးခွက် သံ စားသံသောက်သံ စကားပြောသံတို့သည်လည်း

ဆိုင်နားရောက်လေ ပိုပိုနီးနီး၍လာလေပြီ….မကြာမီဆိုင်အ၀နား သို့ရောက်လေတော့သည်။

ဆိုင်အတွင်းသို့ ၀င်ရန်အတွက် မြင်းပေါ်ကဆင်းလိုက်စဉ် …..မြောက်ဘက်အရပ်မှလည်း

အနီရောင် ၀တ်စုံနဲ့ မိမိလိုဘဲ လူငယ်တစ်ယောက်ဆင်းလာသည်ကိုမြင်လိုက်ရသည်..သူလည်းငါတို့တောင်ဘက် အရပ်ဒေသကို ခရီးသွားဖို့ထင်တယ်ဟု သုံးသပ်မိသည်။

ဆိုင်အတွင်းသို့ ၀င်ရန် လမ်း (၃)သွယ် ရှိသည် တောင်ဘက်လမ်း အလယ်လမ်း မြောက်ဘက်လမ်း ဆိုပီးရှိသည်။ တောင်ဘက်အရပ်က လာတဲ့လူငယ်လေးကတော့

တောင်ဘက်လမ်းကနေလှမ်းဝင်လိုက်သည်…မြောက်ဘက်ကလာတဲ့သူကလည်း မြောက်ဘက်ဝင်လမ်းကနေ ၀င်လိုက်သည်။

ဆိုင်က အနီးရောက်လေ ပိုပြီးကြီးမားလေဖြစ်သည်..ထူးခြားသည်က ဆိုင်နာမည်ကိုမရေးထား

ဆိုင်ပိုင်ရှင်က ပညာရှိသည်လား…ဆိုင်းဘုတ်အပ်ခ မတက်နိုင်သည်လားတော့မသိ..

ဘာဆိုင်ညာဆိုင်ရယ်လို့ရေးထားသည်မရှိ….ဒါပေမဲ့ လမ်း (၃)လမ်းဆုံရာမှာတော့

ခြသေ့င်္ရုပ်တုကြီးကို ထားထားလေသည်…..မကြာမှီ မြင်းကိုဆွဲပြီးလမ်းလျှောက်လာရာ

ရုပ်တုကြီးနားကို အသီးသီးရောက်ကြလေသည်။

“ မြောက်ဘက်က လာတဲ့မိတ်ဆွေ ဒီဆိုင်ကိုရောက်ဖူးလားဗျ “

တောင်ဘက်က နက်ပြာရောင် ၀တ်စုံနဲ့လုလင်လေးကမေးလိုက်သည်..

“ ဟင်အင့် မရောက်ဘူးဖူး သူငယ်ချင်းကော ရောက်ဖူးလား “

တဘက်က အနီရောင်ဝတ်စုံနဲ့လုလင်ကလည်းပြန်မေးလိုက်၏..။

တောင်ဘက် လုလင်က ခေါင်းကိုခါပြပြီး စဉ်းစားဟန်ပြုသည်..ကြည့်ရတာ စာပေမတက်တခေါက် လေ့လာထားသည်နှင့်တူသည်….ပြီးတော့ ၀င့်ကြွားစွာပြောလိုက်သည်..။

“ ကျွုန်ုလည်း ရောက်တော့မရောက်ဘူးဖူးဗျ……ဒါပေမဲ့ ဆိုင်နာမည်လည်းမရှိနော် ခြသေ့င်္ရုပ်ကိုကြည့်တာနဲ့ ဆိုင်နာမည်ခန့်မှန်းလို့ရပါတယ်….. ရွှေခြသေ့င်္ စားသောက်ဆိုင်ဘဲဖြစ်ရမယ် “

……တဖက်မှ လည်း ရယ်မောသံသဲ့သဲ့နဲ့အတူ..

“ သူငယ်ချင်းတော့ လုပ်ပြီ ရွှေခြသေ့င်္ စားသောက်ဆိုင်မဟုတ်ပါဘူးဗျ……

ငွေခြင်္သေ့ စားသောက်ဆိုင်ပါ သေချာလည်းကြည့်ပါအုံး အဟ “

တောင်ဘက်က နက်ပြာရောင် ၀တ်စုံနဲ့လုလင်လေးဒေါသထွက်စ ပြုလေပြီ

“ ဘာကွ သေချာကြည့် အဲဒါရွှေခြသေ့င်္စားသောက်ဆိုင်က အမှန်ဖြစ်မှာကွ “

သူ့မာနကိုထိပါးလေဟန်မို့ ပြန်အော်လိုက်သည်..။

“ ဟား ဟား သူငယ်ချင်း အမှန်ကို မြင်စမ်းပါကွာ ငွေခြင်္သ့ဆိုင်မှ ငွေခြသေ့င်္

ဆိုင်အစစ်ပါကွ “

သူသာအမှန်ဆိုပြီး ယုံကြည်မှုအပြည့်နဲ့ပြန်ပြောလိုက်သည်.။

တောင်ဘက်က လူငယ်က သူ့မာနကိုထိလေပြီမို့ ကျော၌ လွယ်ထားသော ဓားရှည်ကို

ဆွဲထုတ်လိုက်သည်

“ ရွှန်း… ကျုပ်ခန့်မှန်းတာ မှားခဲတယ်ဗျ ဒီတော့ ခင်ဗျားနဲ့ကျွန်တော် တိုက်ခိုက်ကြမယ်ဗျာ

နိုင်တဲ့သူက မှန်ကြေး ကဲဘယ့်နှယ်လဲ ရောင်းရင်း “

တဖက်ကလည်း လူငယ်ခြေတက်တွေမို့

ဆက်ဆက်ထိမခံ….ပြန်ပြော၏။

“အိုကေလေ အနိုင်အရှုံးအတွက်ဆိုရင် အသက်ကိုပင်စွံ့ဖို့ ၀န်မလေးသူပါဗျ ကြာတယ် လာပြီဗျာ သေဖို့သာပြင်တော့ ” ဆိုပြီး

မြင်းပေါ်က ဓားရှည်ကို ဆွဲထုတ်ပြီး တောင်ဘက်က လူငယ်ကို စတင်တိုက်ခိုက်လိုက်သည်……..။ နှစ်ယောက်စလုံးက သိုင်းအစွမ်းထက်ကြသည်မို့

အပြိုင်အဆိုင်ပင် သူသေ ကိုယ်သေ အဆင့်ထိပင်တိုက်ခိုက်နေကြသည်။ ဆိုင်အတွင်းမှ လူတစ်ချို့လည်း တိုက်ခိုက်သံကြားသဖြင့် ထွက်လာကြလေပြီ…..ထိုစဉ် အဖြူရောင်ဝတ်စုံနဲ့

သက်တော်ကြီးရင့်ပြီဖြစ်သည့် သိုင်းသမားတစ်ယောက် ဆိုင်ကနေ ခုန်ထွက်လာပီး…..သူသေကိုယ်သေ တိုက်နေသော လူငယ်လေးနှစ်ဦးကို ၀င်ရောက်ဟန့်တားလိုက်၏ …

“ စားတာ သောက်တာတောင် ကောင်းကောင်းမစားလာဘူး လာရန်ဖြစ်နေကြတယ် သေပေတော့ဟု ကြွေးကြော်လျှက် “

မည်သို့မည်ပုံလုပ်လိုက်သည်မသိ လူငယ်နှစ်ယောက် တိုက်ခိုက်မှုရပ်သွားကြသည်…..

ပြီးတော့ “ ရပ်လိုက် ဟုဆိုသော လူကြီးထံ မျက်လုံးများက ဦးတည်သွားကြသည် ။

ထိုအချိန်မှာ လူကြီးကမေးလိုက်သည်……

“ What are we doing here မင်းတို့ဘာလုပ်နေလဲဒီမှာ “

လူလင် ၂ ယောက်ကလည်း အားကျမခံ အရင်ကတိုင်ပင်ထားသည့်အလား ပြိုင်တူပြန်ဖြေသည်..

“ We fight for truth ကျွန်တော်တို့ အမှန်တရားအတွက်တိုက်ခိုက်နေတာ “ တဲ့

လှလိုက်တဲ့စာသားလေး… အမှန်တရားအတွက်တိုက်ခိုက်ခြင်းတဲ့။

အဖိုးကြီးက …ဘယ်လိုအမှန်တရားတုန်းဆိုတာကို သိချင်ရှာတော့ ထပ်မေးကြည့်လိုက်တယ်

လူငယ်လေးတွေကလည်း သူတို့ထင်မြင်တဲ့စားသောက်ဆိုင်ဖြစ်တဲ့ ရွှေခြင်္သေ့ နဲ့ ငွေခြင်္သေ့ အကြောင်းကိုပြောပြတယ်…။

လူငယ် (၂) ယောက်ထံမှ စကားဆုံးတော့ အဖိုးကြီးက သူတို့နှစ်ယောက်ကို အလယ်လမ်းမှာရပ်ခိုင်းပြီး ရုပ်တုကိုကြည့်ခိုင်းလိုက်တယ်……။

ပြီးတော့ စကားတစ်ခွန်းပြောလိုက်တယ်……

“ တကယ်တော့ ရွှေခြင်္သ့လို့ဆိုတာလည်း ဟုတ်တယ် ငွေခြင်္သေ့လို့ဆိုတာလည်းဟုတ်တယ်

ဘာကြောင့်လဲဆိုတော့ ရုပ်တုကို ဆေးသုတ်ရာမှာ ၂ ခြမ်းခွဲပီးသုတ်ထားတယ်…တောင်ဖက်က ရွှေရောင် မြောက်ဖက်ကငွေရောင်ပေါ့……….”

ဒီတော့မှ (၂)ယောက်သားလည်း သူတို့ရဲ့အမြင်မှားမှန်းသိသွားတယ်………အဖိုးကြီးကဆက်ပြောလိုက်တယ်


“ လောကမှာ မိမိသာ အမှန်ဟု တဖက်သတ် ကောက်ချက်မချပါနဲ့

တခြားသူရဲ့ ထင်မြင်ချက်ကိုလည်း သုံးသပ်ပေးသင့်တယ်…..ဒါမှအမှန်ကိုမြင်နိုင်တဲ့သူဖြစ်တော့မပေါ့ဆိုပြီး “

လူငယ် (၂)ယောက်ကို ပခုံးဖက်လျှက် စားသောက်ဆိုင်ကြီးထဲသို့ ၀င်သွားကြပါလေတော့သည်။။။။။။။။။။။။။

ဇာတ်လမ်းလေးကတော့ပီးပါဘီ အဆုံးသတ်ပြောချင်တာကတော့ မိမိအမြင်တစ်ခုတည်းနဲ့ မလုပ်ဆောင်ဘဲ တခြားသူရဲ့ လိုအပ်ချက် တင်ပြချက်ကိုလည်း ကြည့်မြင်ပေးသင့်ပါတယ်….ငါမှငါဆိုတဲ့ အတ္တစွဲကို ခဏဖယ်လျှက် တဖက်သားရဲ့ထင်မြင်ချက်နဲ့ ပေါင်းစပ်ရှုမြင်ပြီး အမှန်ကို မြင်နိုင်မှာပါ ဒါမှ ငါဆိုတဲ့မာန ပြီးတော့ ရန်ငြိုးဖွဲမှုများကင်းစင်ပီး တဦးနဲ့တဦးနားလည်ပေးနိုင်ကာ အေးချမ်းသော ဘ၀ မှန်ကန်သောအမြင်တို့ရရှိပါလိမ့်မယ်.။ ဘုရားရှင် လမ်းညွှန်တော်မူတဲ့ မဂ္ဂင် ရှစ်ပါး မှ

သမ္မာဒိဋ္ဌိ- ကောင်းစွာ သိမြင်မှုဆိုတဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်ကြပါစေလို့

တိုက်တွန်းအားပေးရင်း………။

(ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ အဆုံးအမ တစ်ခုမှ )

အာကာမိုးတိမ်

ဆက်လက်ဖတ်ရှုရန်..

လူတိုင်း ကိုယ်စိတ်နှစ်ဖြာ အစဉ်ထာဝရအေးငြိမ်းချမ်းသာ ရှိကြပါစေ